top of page
Writer's pictureFFM Sports

ရွှေမြန်မာတို့ရဲ့ အပြောင်းအရွေ့တချို့ မြင်ရမယ့် အာဆီယံ ဆောင်းစျေးကွက်

ရွှေမြန်မာတို့ရဲ့ အပြောင်းအရွေ့တချို့ မြင်ရမယ့် အာဆီယံ ဆောင်းစျေးကွက်

သတင်း About Football



​ပြီးခဲ့တဲ့ အာဆီယံဒေသတွင်း အပြောင်းအရွေ့ကာလမှာ ဘက်ပေါင်းစုံက အခက်အခဲတွေ ရှိခဲ့တာကြောင့် မြန်မာကစားသမားတွေရဲ့ပြည်ပအပြောင်းအရွေ့တွေ လှုပ်လှုပ်ရှားရှား မဖြစ်ခဲ့တာအားလုံးအသိပဲ ဖြစ်ပါတယ်။


ဒါပေမယ့် အခုလာမယ့် ဆောင်းရာသီ အပြောင်းအရွေ့ကာလမှာတော့ ပြည်ပလိဂ်တွေ သွားရောက်ဖို့ မြန်မာကစားသမားတွေ အဆင်သင့်ပြင်ထားကြပါတယ်။ ပြည်တွင်းလိဂ် ရပ်နားထားတာ ၁နှစ်ကျော်ကာလဖြစ်လာပြီမို့ စွမ်းဆောင်ရည်မြင့်မားတဲ့ ပြည်တွင်းလိဂ်က မြန်မာကစားသမားတွေအဖို့ အခွင့်အရေးကောင်းကို ရှာဖွေရမှာ ဖြစ်ပါတယ်။


လက်ရှိမှာ မြန်မာကစားသမားတွေဖြစ်တဲ့ အောင်ကောင်းမာန်၊ ဇော်မင်းထွန်း၊ ဆောင်လမန်တို့ရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ ကိုရဲနိုင်ဝင်းကို လာမယ့် အပြောင်းအရွေ့ကာလမှာ မြန်မာကစားသမားတွေ ပြည်ပကလပ်တွေဆီ ပြောင်းရွေ့မယ့် အပြောင်းအရွေ့တွေနဲ့ ပတ်သက်တာတွေကို About Footballက ဆက်သွယ်မေးမြန်းထားပါတယ်။


ကိုရဲနိုင်ဝင်းက "လာမယ့်အပြောင်းအရွေ့မှာ ပြည်ပကို သွားကစားဖို့အတွက် ဆောင်လမန်အပါအဝင် အနည်းဆုံး ၃ယောက်လောက် ကစားနိုင်ဖို့ အကို့အနေနဲ့ ကြိုးစားမယ်။


"ထိုင်းလိဂ်-၁နဲ့ ၂ရယ် မလေးရှားလိဂ်ရယ်က လက်ရွေးစင်အဆင့် ဒါမှမဟုတ် ဆီးဂိမ်းစ်ကို အနည်းဆုံး ၃ပွဲကစားဖူးတဲ့ သူတွေပဲ ခေါ်ယူရမယ်ဆိုတဲ့ သတ်မှတ်ချက်အရလည်း လက်ရွေးစင်အဆင့် ကစားသမားတွေပဲ ထွက်ကစားကြမှာပါ။


"လာမယ့်ရာသီကျရင် မလေးကလပ်တွေက မြန်မာကစားသမားတွေကို ခေါ်မယ်ဆိုပြီး အသံတွေထွက်နေတယ်။ အောင်ကောင်းမာန်နဲ့ ဟိန်းထက်အောင်ရဲ့ အခြေအနေကကောင်းနေတော့လေ။ အကို ဆောင်ရွက်ပေးနေတဲ့ မြန်မာကစားသမား ၃ယောက်ထဲမှာ မလေးရှားလိဂ်ကို သွားကစားဖို့ ၂ယောက်လောက် ဖြစ်ဖို့များတယ်"လို့ ဆိုပါတယ်။


မလေးစူပါလိဂ်ကလပ် ဆရီပါဟန်းမှာ ခြေစွမ်းပြထားနိုင်ခဲ့လို့ အသင်းက သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတဲ့ မြန်မာတိုက်စစ်မှူး အောင်ကောင်းမာန်ရဲ့ အပြောင်းအရွေ့အခြေအနေကိုလည်း မေးမြန်ကြည့်ရာမှာတော့


"ပါဟန်းက သူ့(အောင်ကောင်းမာန်)ကို သက်တမ်းတိုးဖို့ နှုတ်အားဖြင့် ကြိုပြောထားတာတော့ရှိတယ်။ ပါဟန်းက လက်ရှိ တန်းဆင်းဇုန်ကနေ လွတ်သွားပြီ စူပါလိဂ်မှာ ဆက်ရှိမယ်။ အစောပိုင်းကတော့ ကစားသမားနဲ့ အကိုနဲ့ တိုင်ပင်ထားတာက ပါဟန်း တန်းဆင်းသွားပြီဆိုရင် သူတို့ ဆက်ချုပ်မယ်ဆိုရင် ဆက်မနေတော့ဖို့ပါ။


"အခုတော့ ပါဟန်းကလည်း မလေးစူပါလိဂ်မှာ ဆက်ရှိမယ်။ ဒီလိဂ်မှာလည်း အောင်ကောင်းမာန်ကို စိတ်ဝင်စားနေတာ ပါဟန်းအပြင် နောက်ထပ် ၂သင်းလောက်ရှိတယ်။ အဲ့ဒါအပြင် ဒီဘက်မှာ နိုဝင်ဘာ ဆောင်းရာသီစျေးကွက်မှာ စျေးကွက်တွေ အပြိုင်ဖွင့်ဖို့ ရှိတော့ အိန္ဒိယလိဂ်တို့ ဘင်္ဂလားဒေ့ရှ်လိဂ်တို့က အကို့ကို ချိတ်ထားတာလည်းရှိတယ်။


"ဘင်္ဂလားဒေ့ရှ်လိဂ်ဆိုရင်လည်း နောက်ပိုင်းမှာ လစာကောင်းကောင်း ပေးနိုင်လာနိုင်တယ်။ တော်တော်တိုးတက်လာတယ်။ အဲ့တော့ အဲ့ဒီလိဂ်တွေကလည်း လစာပိုကောင်းမယ်ဆိုရင်လည်း ကစားသမားစိတ်ကြိုက် ရွေးချယ်ခိုင်းမှာပေါ့နော်။ ဘင်္ဂလားဒေ့ရှ်လိဂ်ဆိုရင်လည်း နောက်ပိုင်းမှာ လစာကောင်းကောင်း ပေးနိုင်လာနိုင်တယ်။ ပြီးတော့ အောင်ကောင်းမာန်ကလည်း စိန်ခေါ်မှုအသစ်တွေကို နှစ်သက်တဲ့သူလည်း ဖြစ်နေတော့ ရွေးချယ်စရာတွေတော့ ရှိနေတာပေါ့"လို့ ကိုရဲနိုင်ဝင်းက ပြောပါတယ်။


မလေးရှားလိဂ်မှာ မြန်မာကစားသမားတွေ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ထိုင်းလိဂ်ထက် မလေးလိဂ်ကို မြန်မာတွေပိုပြီး ရွေးချယ်ဖို့ တိုက်တွန်းမှုတွေလည်း ရှိနေတာကြောင့် မလေးလိဂ်နဲ့ ထိုင်းလိဂ်တို့ရဲ့ ခြားနားမှု အချို့ကိုလည်း


ကိုရဲနိုင်ဝင်းက "နည်းစနစ်ပိုင်းအရဆိုရင်တော့ ထိုင်းလိဂ်-၁က မလေးရှားစူပါလိဂ်ထက် အဆင့်မြင့်တယ်။ မလေးလိဂ် နည်းစနစ်ပိုင်းအရ ကစားပုံက ဘာနဲ့သွားတူလဲဆိုတော့ အကိုတို့ MNLက အသင်းတွေနဲ့ သွားဆင်တယ်။သူတို့က space အကျယ်ကြီးတွေနဲ့ ကစားတယ်။ နေရာလွတ်တွေ များတယ်။


"ထိုင်းလိဂ်-၁မှာ ပြီးခဲ့တဲ့ ပထမရာသီဝက် အောင်ကောင်းမာန်တို့ ဆောင်လမန်တို့ ကစားတုန်းကဆိုရင် နေရာလွတ်တွေ အများကြီး မရဘူးလေ။ အဲ့လိုဆိုတော့ ထိုင်းလိဂ်-၁မှာဆိုရင် နည်းစနစ်ပိုင်း တော်တော်လေး ကြွယ်ဝမှ အဆင်ပြေနိုင်တယ်။ မြန်မာပြည်က အကောင်းဆုံးဆိုတဲ့ အောင်သူတို့တောင် ထိုင်းလိဂ်-၁မှာ ရုန်းကန်နေရတာပဲ။ အောင်သူဆို အခုထိ ပွဲထွက်ခွင့်မရသေးဘူး။


"အဲ့တော့ မြန်မာကစားသမားတွေအတွက် ထိုင်းလိဂ်မှာ ခက်နေသေးတာပေါ့။ အောင်သူလို စကေးပိုင်း ပြည့်ဝတဲ့သူတောင် ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရတာဆိုတော့လေ။ ဒါပေမယ့် ဘူရီရမ်တို့ မြောင်တောင်တို့လို ဘီဂျီပသန်တို့လို တကယ့်အသင်းကြီးမျိုးတွေရွေးရင်တော့ အဲ့လိုတွေ ဖြစ်မှာပေါ့နော်။ ဒါပေမယ့် မြန်မာကစားသမားတွေ ပွဲထွက်ခွင့်လိုချင်ရင်တော့ ထိုင်းလိဂ်ရဲ့ အလယ်အလတ်အသင်းတွေ၊ အသင်းငယ်တွေ ရွေးရင် အဆင်ပြေပါတယ်။


"ဒါကြောင့် မြန်မာတွေအတွက် မလေးစူပါလိဂ်က ပိုပြီး လွယ်ကူတယ်။ နေရာလွတ်တွေ အများကြီးရှိတော့ ကစားရတာပိုလွယ်တာပေါ့"လို့ ဆိိုပါတယ်။


အခုလတ်တလောမှာ မြန်မာအသင်း ကစားရမယ့် ဆူဇူကီးပြိုင်ပွဲ အုပ်စုတွေလည်း ထွက်ပေါ်ထားတော့ ဆူဇူကီးမှာ မြန်မာရဲ့ အခြေအနေကိုလည်း မေးမြန်းခဲ့ရာ မြန်မာအသင်း အုပ်စုတက်ဖို့ ခက်ခဲမယ်လို့ ဆိုကာ အုပ်စုဒုတိယနေရာအတွက် အဓိကပြိုင်ဘက်အဖြစ် စင်ကာပူ၊ ဖိလစ်ပိုင်တို့နဲ့ မြန်မာအသင်း ယှဉ်လုရမယ်လို့ ပြောကြားခဲ့ပါသေးတယ်။



359 views0 comments

Comments


Post: Blog2_Post
bottom of page