top of page

ပထမဆုံး ပရော်ဖက်ရှင်နယ် အမျိုးသမီး ကစားသမားအဖြစ် ပြည်ပထွက်ကစားမည့် ဝင်းသိင်္ဂီထွန်း

  • Writer: FFM Sports
    FFM Sports
  • Sep 26, 2021
  • 1 min read

ပထမဆုံး ပရော်ဖက်ရှင်နယ် အမျိုးသမီး ကစားသမားအဖြစ် ပြည်ပထွက်ကစားမည့် ဝင်းသိင်္ဂီထွန်း

စက်တင်ဘာ 26, 2021 / By Admin

အိန္ဒိယအမျိုးသမီးလိဂ် လက်ရှိချန်ပီယံ Gokulam Kerala FC (GKFC) အသင်းသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို ကာလတို စာချုပ်တစ်ရပ်ဖြင့် ခေါ်ယူခဲ့သည်။ Gokulam Kerala FC အသင်းသည် အာရှဘောလုံးအဖွဲ့ချုပ်(AFC)က လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည့် AFC Women’s Club Championship ပြိုင်ပွဲအတွက် မြန်မာတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို ခေါ်ယူခြင်းဖြစ်သည်။

“ အိန္ဒိယလိဂ်ရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်သလို နိုင်ငံတကာအတွေ့အကြုံရှိတဲ့နည်းပြ၊ လက်ရွေးစင်အဆင့်ကစားသမားတွေရှိနေတဲ့ အသင်းကို ပြောင်းရွေ့ခွင့်ရတာ တကယ်ကို ဝမ်းသာမိပါတယ်။ ကစားသမား သက်တမ်းမှာ India အသင်း နဲ့ ၄ ကြိမ်ဆုံခဲ့ဖူးတယ်။ တစ်ကြိမ်ထက် တစ်ကြိမ်ပိုပြီး ခက်ခဲတဲ့ ပြိုင်ဘက်အဖြစ်တွေ့ခဲ့ရတာပါ။ အိန္ဒိယရဲ့ အမျိုးသမီးဘောလုံး တိုးတက်မှုက တကယ်ကို မြန်ဆန်ပါတယ်။



အသင်းဖော်တွေနဲ့အတူ အာရှအမျိုးသမီး ကလပ်ချန်ပီယံရှစ်မှာ အောင်မြင်မှုရဖို့ ကြိုးစားသွားမှာပါ။ ပြည်ပထွက် ကစားခွင့်ရတဲ့ ပထမဆုံး အမျိုးသမီး ဘောလုံးသမားဖြစ်လို့ ဝမ်းသာတယ်။ ဂုဏ်လည်းယူပါတယ်။ မြန်မာအမျိုးသမီး ဘောလုံးသမားတွေမှာ ပြည်ပထွက် ကစားနိုင်တဲ့ ခြေစွမ်းတွေ အရည်အချင်းတွေ ရှိတယ်။ ပထမဆုံး ထွက်ကစားရတာဖြစ်လို့ နောက်ကလိုက်လာမယ့် လူတွေအတွက်ပါ အစွမ်းကုန်ကြိုးစား ကစားသွားမှာပါ။” ဟုဝင်းသိင်္ဂီထွန်းက ပြောသည်။ အိန္ဒိယကလပ်အသင်းနှင့် ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့သည့် အသက် (၂၆) နှစ်အရွယ် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် မြန်မာအမျိုးသမီး ဘောလုံးသမားများထဲတွင် ပထမဆုံး ပြည်ပထွက်ကစားသည့် ကစားသမားဖြစ်သည်။ Gokulam Kerala FC အသင်းသည် ၂၀၁၉-၂၀ အိန္ဒိယ အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုကို ရရှိခဲ့ပြီး ၂၀၂၀-၂၁ ပြိုင်ပွဲကို ကိုဗစ်ကပ်ဘေးကြောင့် မကျင်းပနိုင်သဖြင့် 2021 AFC Women’s Club Championship သို့ အိန္ဒိယနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ အိန္ဒိယအမျိုးသမီး ပရော်ဖက်ရှင်နယ်လိဂ်ပြိုင်ပွဲကို ၂၀၁၆-၁၇ ဘောလုံးရာသီတွင် ၆ သင်းဖြင့် စတင်ခဲ့သော်လည်း ၂၀၁၈-၁၉ ရာသီတွင် အသင်းပေါင်း ၁၂ သင်းဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အိန္ဒိယအမျိုးသမီး ပရော်ဖက်ရှင်နယ်လိဂ်သည် ၂၀၁၉-၂၀ ရာသီတွင် နိုင်ငံခြားသား ကစားသမား ၄ ဦးခေါ်ယူခဲ့ရာ Gokulam Kerala FC အသင်းက နီပေါနှင့် အိုင်ဗရီကို့စ် ကစားသမားတစ်ဦးစီ ခေါ်ယူစာချုပ်ခဲ့သည်။ Gokulam Kerala FC အသင်းကို ၂၀၁၈ ဇန်နဝါရီတွင် စတင်တည်ထောင်ခဲ့ပြီး အိန္ဒိယအမျိုးသမီးလက်ရွေးစင်ကစားသမား ၉ ဦးပါဝင်ကစားနေကာ ပြီးခဲ့သည့်လပိုင်းက လက်ရွေးစင် ကစားသမားများဖြစ်သော Sethu FC အသင်းမှ တိုက်စစ်မှူး Dangmei Grace ကိုခေါ်ယူခဲ့သလို အဓိက ဂိုးသမား Aditi Chauhan ကိုလည်း စာချုပ်သက်တမ်းတိုးမြှင့်ခဲ့သည်။

Comentarios


Post: Blog2_Post

+66929189904

Subscribe Form

Thanks for submitting!

©2021 by Football Forward Myanmar. Proudly created with Wix.com

  • Facebook
  • Twitter
  • LinkedIn
bottom of page